ရေစကြိုမြို့နယ် ဗလဗကျေးရွာ၌ ဧရာဝတီမြစ်ရေ ပြန်လည် မြင့်တက်လာချိန်တွင် ကမ်းပြိုမှု ဆိုးရွားစွာဖြစ်ပေါ်နေသည့်အတွက် နေအိမ်အချို့ ရွှေ့ပြောင်းနေရ



ရေစကြိုမြို့နယ်တွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ဗလဗကျေးရွာမှာ မြစ်ရေ ပြန်လည်မြင့်တက်လာချိန်၌ ကမ်းပြိုမှု ဆိုးရွားစွာဖြစ်ပေါ်နေသည့်အတွက် ယခုနိုဝင်ဘာလ ဒုတိပတ်အတွင်း မှစ၍ နေအိမ်များ ရွှေ့ပြောင်းမှု ပြုလုပ်နေရကြောင်း ဒေသခံများထံမှ သိရသည်။
 
ရေတိုက်စားမှုကြောင့် နေ့စဉ် ၁၀ ပေ မှ ပေ ၂၀ ခန့်အထိ ကမ်းပါးများ ပြိုကျနေခြင်းကြောင့် မြစ်ကမ်းဘေး နေအိမ်များအား အလျင်အမြန် ရွှေ့ပြောင်းနေရခြင်းဖြစ်ကြောင်းနှင့် နေအိမ်ဖျက်သိမ်းရသူများမှာ  မြေနေရာမရှိသေးသည့်အတွက် နီးစပ်တွင် ခိုလှုံနေရကြောင်း သိရသည်။ 
 
“ဘယ်လိုမှ နေမဖြစ်လို့ ဖျက်ပြီး ရွှေ့ရတာ။ ကမ်းပါးနဲ့က ၁၀ ပေလောက်ပဲ ကွာတယ်။ ရေက တက်နေတော့ ကမ်းပြိုတာ အတော်ဆိုးတယ်။ ညဘက်ဆို တစ်ဝုန်းဝုန်း ပြိုကျနေတော့ မနေရဲတော့လို့ အိမ်ဖျက်ပြောင်းရတာ။ မြေနေရာတော့ မရှိသေးဘူး¨ ဟု ကမ်းပြိုမှုကြောင့် နေအိမ်ရွှေ့ပြောင်းခဲ့ရသည့် ရေစကြိုမြို့နယ် ဗလဗရွာမှ ကိုဆွေက ဆိုသည်။ 
 
ရေစကြိုမြို့နယ်တွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ဗလဗကျေးရွာ ၊ ငမြာလေးကျေးရွာနှင့်  ကွေ့ထောင့်ကျေးရွာများမှ ဒေသခံများ၏ စိုက်ပျိုးမြေများ မြစ်ရေတိုက်စားမှုကြောင့် ဧကရာနှင့်ချီ ပြိုကျပျက်စီးနေသည့်အတွက် ဒေသခံများမှာ လုပ်စားမြေရှားပါးသည့် အခက်အခဲများ ကြုံတွေ့လာရခြင်းဖြစ်ကြောင်း သိရသည်။ 
 
ကမ်းပြိုမှုမှာ ရပ်တန့်ခြင်း မရှိသည့်အတွက် မြစ်ကမ်းပါးနှင့် နီးကပ်လာသည့် အချို့နေအိမ်များမှာ ဆက်လက်ရွှေ့ပြောင်းရန် ပြင်ဆင်နေသော်လည်း မြေနေရာ အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း သိရသည်။ 
 
ဆောင်းသီးနှံအဖြစ် စိုက်ပျိုးပြီးဖြစ်သည့် ကြက်သွန်နီနှင့် မြေပဲစိုက်ခင်းများလည်း ကမ်းပြိုမှုကြောင့် ပျက်စီးနေပြီး ဒေသခံများမှာ နေအိမ်မြေနေရာ ဆုံးရှုံးမှုအပြင် စိုက်ပျိုးမြေဆုံးရှုံးမှုများပါ ကြုံတွေ့နေရကြောင်း သိရသည်။ 
 
“အရင်က တစ်ဧက သိန်းဆယ်ဂဏန်းရှိတာ ။ အခု သိန်းရာဂဏန်းထိ ဈေးဆိုနေကြတော့ ဘယ်လိုမှ ရွှေ့ဖို့ပြောင်းဖို့ အဆင်မပြေဘူး။ ကိုယ်ပိုင်တဲ့မြေကလည်း ကမ်းပြိုတဲ့ထဲ ပါသွားတော့ နေစရာ မြေအတော်ခက်တယ်။ ပြောင်းရတဲ့သူများ လာရင်တော့ မြေနေရာကိစ္စကို အဆင်ပြေအောင် တာဝန်ရှိသူတွေဘက်က ဆောင်ရွက်ပေးဖို့ လိုတယ်” ဟု ဗလဗ ကျေးရွာခံ ကိုမောင်ကောက်က ဆိုသည်။ 
 
ကမ်းပြိုမှု ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ပြိုကျနေပါက ရွှေ့ပြောင်းရသည့် အိမ်အရေအတွက် မြင့်တက်လာနိုင်ပြီး လတ်တလော နေအိမ် ၁၀ လုံးခန့် ရွှေ့ပြောင်းထားရသည့် ဗလဗကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိကြောင်း သိရသည်။ 
 
ယခုကမ်းပြိုမှုကြောင့် နေအိမ်များ ရွှေ့ပြောင်းနေရသည့် ဗလဗကျေးရွာဒေသခံများမှာ ဌာနဆိုင်ရာအဖွဲ့များ၏ ကူညီထောက်ပံ့မှုများ မရှိသေးကြောင်းသိရပြီး လာမည့် ရေနည်းကာလတွင် ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် မျှော်လင့်ကြောင်း သိရသည်။
 
မြန်မာနိုင်ငံအထက်ပိုင်းဒေသများ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေမှာ ယခု သီတင်းပတ်အတွင်း ခုနစ်ပေမှ ၁၀ ပေခန့်အထိ မြင့်တက်လာမည် ဖြစ်ကြောင်းနှင့် အခြားဧရာဝတီမြစ် ကမ်းဘေးမြို့များတွင်လည်း မြစ်ရေမြင့်တက်မှု ကြုံတွေ့ရမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ 

No comments:

Powered by Blogger.