နည်းပညာကြောင့်  ကျနော်တို့လူမှုဆက်ဆံရေးက  ပိုရိုင်းစိုင်းလာနေပြီလား
==================================================
 စမတ်ဖုန်းလို နည်းပညာတစ်ခုခုထဲမှာ ဈာန်ဝင်နေလို့ ခေါ်မကြား အော်မကြားနဲ့ လျစ်လျူတာ ခံလိုက် ရလို့ ယနေ့ခေတ်လူအတော်များများက မကျေမနပ်ပြောကြတာတွေရှိပါတယ်။

ဒီနေရာမှာ မေးခွန်းတစ်ခု ထွက် ပေါ်လာတာက နည်းပညာဟာ ကျနော်တို့ကို ရိုင်းပြသွားစေသလား ဆိုတာပါ။ တွစ်တာလို၊ ဖေ့စ်ဘုတ် လို လူမှုကွန်ရက် တွေက ကျနော်တို့ကို ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာမှာ ကြိုက်တာကို ဆင်ဆာ၊အထိန်းအကွပ် မရှိ ဆက်သွယ်နိုင်တဲ့ ဖိုရမ်တွေကို ဖွဲ့စည်းပေးပါတယ်။ လူတော်တော်များများက ချက်ချင်းဆိုသလိုပဲ ဒီအရာတွေရဲ့ဆွဲဆောင်ခြင်းကိုခံလိုက်ကြရပြီး ပြောခွင့်မရှိတဲ့အရာတွေကို လိုင်းပေါ်မှာ လူတွေနဲ့ ဝေမျှရတာကို ကျေနပ်ပြီး အကျင့်ဖြစ်သွားကြပါတယ်။

 ပြီးတော့ လိုင်းပေါ်မှာက မည်သူမည်ဝါဆိုတဲ့ identity ကို လျှို့ဝှက်ထားနိုင်တော့လူထဲသူထဲမှာဘယ်တော့မှ ပြောရဲမှာမဟုတ်တဲ့အရာတွေကို လွတ်လွတ်လပ်လပ် ပြောခွင့်ရနေပါတယ်။ အွန်လိုင်းပေါ်မှာက အစိုးရကစပြီး ဟိုဘက်လမ်းက ငနဲအထိ တိုက်ခိုက်ချင်တဲ့လူကို လွယ်လွယ်လေးနဲ့ ကျွန်တော်တို့ တိုက်ခိုက်နေ နိုင် တယ်။

အဲဒီမှာပြောတဲ့စကားတွေကို အမှတ်ထားနေစရာမလိုဘူး။ ပြောချင်တာကို လွတ်လွတ်လပ်လပ် ပြောခွင့်ရနေတယ်။ ကိုယ် ဘယ်သူဘယ်ဝါ ဆိုတာ တစ်ဖက်သူမသိဘူးဆိုတဲ့ အသိတရားနဲ့ စိတ်လုံခြုံမှုက တခြားသူကို ဆဲရေးတိုင်းထွာမလား၊ ချိုးချိုးနှိမ်နှိမ်ပြောမလား အွန်လိုင်းဖိုရမ်တွေမှာ ဘာမဆို လုပ်နိုင်တယ်။

 ဒါဆိုရင် နည်းပညာဟာ လူတွေရဲ့ အရိုင်းစိတ်ကို ဇက်လွှတ်ဒုန်းစိုင်းရာနေရာလား။ ရိုင်းပြတဲ့ ကံသုံးပါး အမူအရာတွေကို မီးလောင်ရာလေပင့်ပေးပြီး ကာယကံရှင်ကိုယ်၌ကတော့ ကိရိယာတွေနောက်မှာ ဖုံးကွယ်နေ မယ်၊ တခြားသူတွေကို မေ့လျော့နေမယ်၊ ဒိဌဓမ္မလောကနဲ့ အဆက်အသွယ်ပြတ်တောက်နေမယ်။

ဒါပေမယ့်လည်းနည်းပညာဆိုတာက ရေလိုဆိုးတဲ့အရောင်အတိုင်းစွန်းထင်း၊ ထည့်ထားတဲ့ ခွက်ရဲ့ ပုံသဏ္ဍာန်ကိုပဲ ဆောင်ယူရတာမို့လို့ နည်းပညာကို သုံးစွဲသူက ပင်ကိုယ်ရိုင်းပြသူဖြစ်ရင် နည်းပညာက သူ့ရိုင်းပြမှုကို ချဲ့ကားကြီးထွား အားပွားစေတဲ့အရာတစ်ခုဖြစ်လာမယ်။

သုံးစွဲသူကို ပင်ကိုယ်အားဖြင့် အကြင်နာထား လေးစား ဂါရ၀တရားလည်း ရှိသူဆိုရင်တော့ ဘယ်လို ဆက်သွယ်ရေးကိရိယာကိုပဲ သုံးသုံး နူးညံ့မြဲနူးညံ့နေ မှာပဲလို့ ယူဆသူတွေလည်း ရှိနေပါတယ်။

 ဒါပေမယ့်လည်း လူ့စိတ်ဆိုတာက မကောင်းမှုမှာ မွေ့လျော်တယ်ဆိုတဲ့ အဆိုရှိသလို၊ ဆိတ်ကွယ်ရာမှာ သာယာတတ်တဲ့ စိတ်ကို အဖက်ဖက်က ဆွဲဆောင်နေတဲ့ စကားလုံး၊ ဓာတ်ပုံ၊ ဗွီယိုတွေရဲ့ အွန်လိုင်းတောကြီး မျက်မည်းထဲမှာပင်ကိုယ်ဘယ်လောက်ပဲ နူးညံ့တည်ကြည်တဲ့သူ ဖြစ်နေဦးတော့ ဥာဏ်မခိုင်ဈာန်ယိုင်လျှော ရတဲ့ ဖြစ်ရပ်တွေလည်း ဒုနဲ့ဒေးရှိနေတာမို့ နည်းပညာက ကျနော်တို့ကို မရိုင်းရိုင်းအောင် လွတ်လပ်မှုနဲ့ နည်းပညာက ဆွဲဆောင်နေသလားဆိုတာလည်း နည်းပညာသုံးသူတွေအတွက် အနာဂတ်မှာ စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။

 ကီးဘုတ်တစ်ချက်။မောက်စ်ကလစ်တစ်ချက်က တစ်ကယ်လူမှုဝန်းကျင်ကနေ ရိုင်းပြတဲ့ လူမှုဆက်ဆံ ရေှးဆီသို့ နည်းပညာသုံးစွဲတဲ့သူတွေကို မသိမသာခေ:ဆောင်နေပြီလို့ လူမှုသရုပ်ခွဲ ပညာရှင်တွေက အလန့် တကြား ထောက်ပြနေခဲ့ကြပါတယ်။

ဒါကြောင့် ကလေးငယ်တွေကို နည်းပညာကနေ ဝေးရာမှာ ထားမလား ။ဒါမှ မဟုတ် နည်းပညာကို လူမှုရေးစံနူန်းတွေနဲ့ ထိန်းချုပ်မလားဆိုတာ  နည်းပညာကိုးကွယ်သူတွေနဲ့ ဘာသာရေး အယူသီးတွေကြား  ငြင်းခုံ စရာဖြစ်လာပါတယ်။

IT Tip

No comments:

Powered by Blogger.