#Eleven_News_Update (23-Oct-2016 11:30 PM) အားကောင်းလာသော မုန်တိုင်းငယ်၏ နောက်ဆုံး အခြေအနေ

ယနေ့ (အောက်တိုဘာ ၂၃ ရက်) ည ၁၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်သည် မြောက်ဘက်သို့ အနည်းငယ် ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ မြောက်-အနောက်မြောက်ဘက် (၉၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် မိုင် ၈၀ ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၁၂၀ ခန့်၊ ဂွမြို့၏ အနောက်တောင်ဘက် ၁၄၅ မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက်တောင်ဘက် မိုင် ၂၀၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေး ဦးစီးဌာနမှ သတင်းဆက်လက် ထုတ်ပြန်ခဲ့ပါသည်။ အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်း (မြစ်ဝကျွန်းပေါ်ဒေသများ)နှင့် နီးကပ်နေပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် မြန်မာ့ကမ်းရိုးတန်း (မြစ်ကျွန်းပေါ်ဒေသ)အနီးသို့ ရောက်ရှိစဉ် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းတို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်ဟု သတင်းထုတ်ပြန်ထားပါသည်။ သို့ဖြစ်ပါ၍ မုန်တိုင်းဒီရေအမြင့်ဆုံးမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲခရိုင်တို့တွင် ၇ ပေမှ ၁၀ ပေခန့်အထိ မြင့်တက်နိုင်ကြောင်း သိရသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် အောက်တိုဘာ၂၄ ရက်မှ ၂၇ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ (Photo: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

No comments:

Powered by Blogger.